NATIONAL LIBRARY OPENING MEETING: NATIONAL LIBRARY (YANGON) TO BE OPENED IN APRIL

03/02/20

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


 အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ဦးစီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ်လ ၂ နေ့ မွန်းလွဲ ၁ နာရီတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


တက်ရောက်

       အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ၀န်ကြီးများ၊ အမြဲတန်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းနာယက၊ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြောင်းရွှေ့ဖွင့်လှစ်သွားမည်

       အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်း ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ အမှတ်(၆၀၄/၆၀၈) အဆောက်အဦတွင် လာမည့် ဧပြီလပထမပတ်အတွင်း ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာကျင်းပနိုင်ရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို စာပေ၊ ယဉ်ကျေးမှု၊ သမိုင်း စသည့်ပညာရပ်များကို အလွယ်တကူလေ့လာနိုင်မည့် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်သည့် ခေတ်မီဒစ်ဂျစ်တယ်စနစ်များ ပါဝင်သော နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ

       ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားမှုအခြေအနေများနှင့် ဆောင်ရွက်ထားမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

လုပ်ငန်းစဉ်များဆွေးနွေး

       ယင်းနောက် ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြကြပြီး အစည်း အဝေး တက်ရောက်လာသူများက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။