Thadingyut Festival

10/20/21

(၂၀-၁၀-၂၀၂၁)



IMG_20211015_113539.jpg



သီတင်းကျွတ်လ

    သီတင်းကျွတ်လသည်မြန်မာလများတွင်သတ္တမလဖြစ်သည်။ ရှေးအခါကသီတင်းကျွတ်လ ဟူ၍မခေါ်ကြပဲ သန်တူလ ဟူ၍ရေးသားခေါ်ဆိုကြသည်ကိုတွေ့ရသည်။ သန်တူလအဓိပ္ပါယ်မှာ ဝဿန မိုးဥတုရာသီကို သန်တူဟုရှေးဟောင်းသူတို့ခေါ်ဆိုကြသည်။ ပုဂံခေတ်ထိုးကျောက်စာများ တွင် သက္ကရာဇ်ဖော်ပြရာ၌ သီတင်းကျွတ်လကို သန်တူလ ဟုသာအမြဲရေးထိုးခဲ့ကြသည်။ မြန်မာလအမည်များစာအုပ်၌ “သတင်းကျွတ်”ဟူသောစကားကိုအင်းဝခေတ် သက္ကရာဇ် ၈၀၀ ခန့်မှသာစ၍ ကျောက်စာတို့တွင်သုံးစွဲလျက်ရှိသည်ဟုဆိုပါသည်။ လှေသင်းအတွင်းဝန်ရေးသော ဝေါဟာရလိနတ္တဒီပနီကျမ်း၌ “ သီတင်းကျွတ်လခေါ်ဆိုသည်မှာ ဝါဆို လပြည့်နေ့မှစ၍ဝါတွင်းသုံးလ၊ ရက်ပေါင်း ၉၀ ၊ သီတင်းကျွတ်လပြည့်ကျော်တရက်နေ့ သီတင်းကျွတ်သောကြောင့် သီတင်းကျွတ်လ ဟူ၍သာသနာကျမ်းအလိုခေါ်ဆိုကြောင်းသိသာသည်” ဟုဖွင့်ဆိုခဲ့သည်ကိုတွေ့ရပါသည်။ ဗေဒင် အခေါ်အားဖြင့် သီတင်းကျွတ်လကို “တူရာသီ” ဟု ခေါ်သည်။ တူရာသီ၏အရုပ်သည် ချိန်ခွင် ကိုင်စွဲသောယောကျ်ားသဏ္ဌာန်ဖြစ်သည်။ ထိုရာသီကို အဿဝဏီနက္ခတ်နှင့်ယှဉ်၍ လပြည့်သော ကြောင့်  အဿယုဇ ဟူ၍ဆိုသည်။ ထိုလ၏ရာသီပန်းမှာ ကြာပန်းဖြစ်သည်။

          သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားသခင်တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ် ပြည်သို့ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ဖြစ်သဖြင့်ဗုဒ္ဓဘာသာဝင်တို့ကနေ့ထူးနေ့မြတ်အဖြစ်အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားဆင်းသက်ကြွမြန်းလာသည်ကိုရည်စူး၍ ဘုရားသခင်အား ပူဇော်သည့်အနေဖြင့်ထိုနေ့တွင်မီးများထွန်းကာမြင့်မိုရ်ပွဲဆင်ယင်ကျင်းပခဲ့ကြသည်။ မြတ်စွာဘုရား သည်တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ဘူးသော သန္တုဿီတနတ်သားကိုအကြောင်းပြု၍          ‘ ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ’ အစရှိသည်ဖြင့် အဘိဓမ္မာခုနှစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍လူ့ပြည်သို့ ဆင်းသက်တော်မူသည်ကိုအကြောင်းပြုလျက်ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍သမုတ်ကာ အဘိဓမ္မာ ပူဇော်ပွဲကိုကျင်းပကြသည်။သီတင်းကျွတ်လပြည့်နေ့သည်ဝါတွင်းသုံးလ၏နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သောသံဃာတော်မြတ်တို့လွတ်လွတ်ကျွတ်ကျွတ်သွားလာသီတင်းသုံးနိုင်သည့်အခွင့်အရေးကိုရရှိကြလေသည်။ဤနေ့အထိဝါဆိုကြသည့်သံဃာများသည်အလွန်မြတ်သောကထိန်အလှူကိုခံယူထိုက်သောအခွင့်အရေးကိုရရှိကြသည်။ 





Screenshot (10).png



သီတင်းကျွတ်ဆီမီးမြင့်မိုရ်ပွဲ

    မျက်မှောက်ခေတ်တွင် မြန်မာတို့သည်သီတင်းကျွတ်ကာလတွင်ကျင်းပပြုလုပ်သည့် မီးထွန်း ပွဲတော်ကို သီတင်းကျွတ်ပွဲတော်ဟုလည်းကောင်း၊ သီတင်းကျွတ်မီးထွန်းပွဲဟုလည်ကောင်း ခေါ်ကြ သည်။ ရှေးအခါကမူ မီးမြင့်မိုရ်ပွဲဟုခေါ်ခဲ့ကြသည်။ ကျေးလက်လက်တောရွာများတွင် တာဝတိံသာပွဲ ဟုခေါ်ကြသည်ကိုလည်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ခေတ်အဆက်ဆက်ကျင်းပပြုလုပ်လာခဲ့ကြပါသည်။ ပုဂံခေတ်ထိုးကျောက်စာများတွင် ကထိန်အလှူ၊ ပံသုကူအလှူ ၊ မီးဖုန်းအလှူနှင့်ညောင်ရေသွန်းအလှူ စသည်တို့ကိုတွေ့ရသော်လည်း သီတင်းကျွတ် မီးပူဇော်မှုကိုမတွေ့ရပေ။ သို့သော်လည်း ပုဂံခေတ်မြင်းကပါဂူပြောက်ကြီးဘုရား နံရံဆေးရေး ပန်းချီကားတွင် သီတင်းကျွတ်လပြည့်နေ့၌ မြတ်စွာဘုရားတာဝတိံသာနတ်ပြည်မှ လူပြည့်သို့ ဆင်းသက်ပုံရေးဆွဲထားသည်ကိုတွေ့ရပြီးရွှေစောင်းတန်း ၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်ပါရှိပြီးပုဂံခေတ်မှအချို့နံရံပန်းချီများတွင်လည်းဆီမီးခွက်များကိုတွေ့ရသဖြင့် ပုဂံခေတ်တွင် သီတင်းကျွတ်မီးထွန်းပွဲကျင်းပနေပြီဟူယူဆနိုင်ပါသည်။ အင်းဝခေတ်၊ တောင်ငူခေတ်နှင့် ညောင်ရမ်း ခေတ်တို့တွင်ဆီမီးမြင့်မိုရ်ခေါ်မီးထွန်းပွဲတော်ကိုဘုရင်များကိုယ်တိုင်ဦးစီးပြုလုပ်ခဲ့ကြသည်။ ထိုခေတ်များ၌ မင်းရင်ပြင်တွင် မြင့်မားလှသောပြဿဒ်ကြီးများကို တည်ဆောက်၍လှေကားသုံးသွယ်ဆင်ယင် ပြီးလျှင်ဆီမီးများထွန်းညှိပူဇော်လေ့ရှိကြသည်။ ဝါကျွတ်ပွဲတော်တွင်ဘုရားစေတီများ၌လည်း ဆီမီး များထွန်းညှိပူဇော်ကြပြီး ကျေးရွာများတွင်အလှူအတန်းများပြုလုပ်ကြသည်။ မင်းတုန်းမင်း လက်ထက်သီတင်းကျွတ်လတွင် ရွှေနန်းတော်မှလောကမဏိစူဠာစေတီတော်အရောက် မီးစောင်းတန်းကြီးကိုလည်းကောင်း၊ ရွှေနန်းတော်ကြီးမှရွှေမြို့တော်လေးထောင့် ရွှေကွန်အုပ်ဘုရား၊ ရွှေစကား ဘုရား၊ ရွှေလင်းပင်ဘုရား၊ ဆင်ကြိုးရွှေဂူဘုရားများသို့အရောက်မီးစောင်းတန်းကြီးလေးသွယ် တို့ကိုလည်းကောင်းအသီးသီးပူဇော်လေ့ရှိကြသည်။ သီပေါမင်းလက်ထက်မြန်မာသက္ကရာဇ် ၁၂၂၄ ခုနှစ် သီတင်းကျွတ်လတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကိုအလွန်ကြီးကျယ် စည်ကားစွာကျင်းပခဲ့ ကြောင်းကို ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးတတိယတွဲတွင် ဖော်ပြထားသည်ကိုတွေ့ရ သည်။ မျက်မှောက်ခေတ်တွင်သီတင်းကျွတ်မီးထွန်းပွဲကျင်းပပုံသည် ရှေးခေတ်များနှင့်မတူ ကွဲပြား ခြားနားလာသည်ကိုတွေ့ရသည်။ တာဝတိံသာနတ်ပြည်သို့ဘုရားသခင်ကြွတော်မူပုံ၊ တာဝတိံသာ နတ်ပြည်မှဆင်းသက်ပုံတို့ကို ရှေးခေတ်ကဲ့သို့မပြုလုပ်ကြတော့ပဲ စေတီပုထိုးများတွင်ဆီမီးထွန်းညှိ ပူဇော်ခြင်း၊ အိမ်များတွင် ဆီမီးရောင်စုံများကိုထွန်းညှိပူဇော်ခြင်း၊ ရောင်စုံလျှပ်စစ်မီး ၊ ဖရောင်းတိုင် မီး တို့ဖြင့်ထွန်းညှိပူဇော်လာကြသည်ကိုတွေ့နိုင်ပေသည်။




IMG_20211012_070412.jpg


ပဝါရဏာပွဲ

    ပဝါရဏာပွဲတော်သည်လူပုဂ္ဂိုလ်များနှင့်သက်ဆိုင်သောပွဲတော်မဟုတ်ဘဲသာသနာ့ဝန်ထမ်း ရဟန်းတော်များနှင့်သက်ဆိုင်သောပွဲတော်ဖြစ်သည်။ ရဟန်းတော်များသည်သီတင်းကျွတ်လပြည့် နေ့တွင်မိမိဝါဆိုသောကျောင်းတိုက်အတွင်းရှိသိမ်၌ ပဝါရဏာပွဲတော်ကိုနှစ်စဉ်ကျင်းပကြမြဲဖြစ် သည်။ ရဟန်းတော်များမှာ ဘုရားရှင်၏ပညတ်တော်အရ လပြည့်၊ လကွယ်နေ့တိုင်းစာတုဒ္ဒသီဥပုသ် ၊ ပန္နရသီဥပုသ် များကိုပြုကြရသည်။ သို့သော် သီတင်းကျွတ်လပြည့်နေ့တွင် ဝိနည်းဒေသနာတော် အရဥပုသ်အစား ပဝါရဏာ ပြုကြရသည်။ ပဝါရဏာဟူသောပါဠိမှာ “ဖိတ်ကြားခြင်း ၊ တောင်းပန် တိုက်တွန်းခြင်း”ဟုအဓိပ္ပါယ်ရသည်။ အကျဉ်းချုပ်အားဖြင့် ရဟန်းတော်များအချင်းချင်းအပြန်အလှန် ဖိတ်ကြား တိုက်တွန်းတောင်းပန်ကြသည့်ပွဲဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့သင့်လျော်သည့် အချိန်တွင် ရဟန်းတော်များသည် ပဝါရဏာပွဲကျင်းပရန်သိမ်အဆောက်အဦတွင်အားလုံးစုရုံးကြ ရသည်။ သံဃာပရိသတ်စုံသောအခါ ပဝါရဏာမပြုမီပြုလုပ်ရမည့် တံမြက်လှည်းခြင်း ၊ သောက်ရေ တည်ထားခြင်း၊ နေရာခင်းခြင်းစသော ပုဗ္ဗကရဏ ၊ ပုဗ္ဗကိစ္စ ၊ ပတ္တကလ္လ အင်္ဂါစသည်တို့ကို သမ္မုတိ ရသောရဟန်းတော်နှစ်ပါးကအမေးအဖြေ ပြုလုပ်ရသည်။ မေးဖြေပြီးသည့်အခါ အဖြေရဟန်းတော် ကပဝါရဏာကံအတွက်ဉတ်ထား (ပဝါရဏာပြုတော့မည်ဟု သံဃာကိုရှေးဦးစွာ အသိပေးခြင်း) ရသည်။ ထို့နောက်သိက္ခာဝါအကြီးဆုံးမထေရ်ကလက်ဝဲတစ်ဖက်ပခုံးထက်၌ဧကစီ ကိုတင်၍ ဆောင့်ကြောင့်ထိုင်ပြီးလျှင် “ ငါ့ရှင်တို့ တပည့်တော်သည် သံဃာကိုဖိတ်ကြားပါ၏ ၊ တပည့်တော်၏ အပြစ်ကိုမြင်သော်၎င်း ၊ ကြားသော်၎င်း၊ သံသယရှိသော်၎င်း တပည့်တော်အား သနားသော အားဖြင့် ပြောဆိုသိပေးကြပါ၊ အပြစ်ကိုရှု၍ကုစားပါမည်” ဟုသုံးကြိမ်တိုင်တိုင်သံဃာအား ဖိတ်ကြား တိုက်တွန်းရသည်။ ထို့နောက် ဝါအလိုက်သံဃာကုန်သည်အထိ သုံးကြိမ်စီရိုသေစွာ ဖိတ်ကြား ကြရသည်။ ဖိတ်ကြားပြီးတိုင်း  ဖိတ်ကြားပြီးတိုင်း ကျန်သံဃာများကသာဓုသုံးကြိမ်ခေါ်ကြရ၏။ သံဃာတော်များအားလုံးဖိတ်ကြားပြီးသည့်အခါအကြီးဆုံးသံဃာ့နာယကမထေရ်ကသံဃာများအား ဩဝါဒစကားမိန့်ကြားတော်မူတတ်သည်။ ပဝါရဏာပွဲ သည်ကား မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင်ရှိခဲ့သောပွဲဖြစ်၍ နှစ်ပေါင်း ၂၅၀၀ ကျော်တိုင်အောင် ကြာခဲ့ပြီဖြစ် သည့်ပွဲဖြစ်ပေသည်။


သီတင်းကျွတ်လနှင့်သီတင်းကျွတ်ပွဲတော်ဆိုင်ရာစာစုများ


လုံးချင်းစာအုပ်များ


၁။  နေအောင်မြင့်(ရန်ကုန်တက္ကသိုလ်) ။ ရာသီစဉ်လာမြန်မာ့ရိုးရာ ။ ရန်ကုန် ၊ ချိုတေးသံစာပေ ၊

၂၀၀၅ ။ ၁၉၁ စာ ၊ ၁၈ စင်တီ ။ (အ မ သ ၂၀၀၆/၄၈)

၂။  နတ်ရှင် ၊ ဒဂုန် - ။ ဆယ့်နှစ်ရာသီစာပန်းချီ ။ ရန်ကုန် ၊ စာပေဗိမာန် ၊ ၁၉၆၆ ။ ၈၃ စာ ၊ ၁၈

စင်တီ ။ ( အ၊ မ၊ သ ၆၆/၃၁၇၀)

၃။  ပြည်ထွန်းရွှေ ။ မြန်မာလများနှင့်စပ်လျဉ်း၍ ။ ရန်ကုန် ၊ ချိုတေးသံစာပေ ၊ ၂၀၀၆ ။ ၁၄၂ စာ ၊

၂၁ စင်တီ ။ (အ မ သ ၂၀၀၆/၂၆၀၆)

၄။  မြတ်မင်းလှိုင် ။ မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော် ။ ရန်ကုန် ၊ ချိုတေးသံစာပေ ၊ ၂၀၀၀ ။ ၃၁

စာ ၊ ၂၁ စင်တီ ။ (အ မ သ ၂၀၀၆/၂၆၇၅)

၅။  မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း ။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၃) ။ ရန်ကုန် ၊ စာပေဗိ

မာန် ၊ ၁၉၇၃ ။ ၅၀၀ စာ ၊ ပုံများ ၊ ၂၆ စင်တီ ။

၆။  ယဉ်ကျေးမှုဝန်ကြီးဌာန ။ ယဉ်ကျေးမှုစာစောင် ။ ရန်ကုန် ၊ ယင်းဌာန ၊ ၂၀၀၅။       စာ ၊

ပုံများ၊  ၂၉ စင်တီ ။

၇။  သီရိမာလာ ၊ ရွှေဘို - ။ ဆယ့်နှစ်လရာသီမြန်မာ့ယဉ်ကျေးမှုပွဲတော်များ ။ ရန်ကုန် ၊ သိဒ္ဒိမြိုင်

ပုံနှိပ်တိုက် ၊ ၂၀၀၉ ။ ၁၀၉ စာ ၊ ၂၀ စင်တီ ။ (အ ၊ မ ၊ သ ၂၀၀၉/၃၂၄၉ )

၈။  အေးနိုင် ၊ ဦးဆယ့်နှစ်ရာသီမြန်မာ့ရိုးရာရာသီပွဲတော်များ ။ ရန်ကုန် ၊ သာသနာရေးဦးစီး  

ဌာန ၊ ၁၉ စင်တီ။ ( အ ၊ မ ၊ သ ၈၀/၁၉၆၂ )

 

 

 မဂ္ဂဇင်းများ


၁။  ကြန် ၊ ဒေါ် - ။ ရတနာပုံရွှေနန်းတွင်းဝါကျွတ်ပွဲတော် ၊ ကလျာ ၊ မှတ် ၃၄ (အောက် ၁၉၈၇)

စာ၁၈ - ၂၀ ။

၂။  ညွန့် ၊ ဦး (ကြို့ပင်ကောက်) ။ “ဝါကျွတ်ပွဲတော်” ၊ သူရိယ ၊ တြွ ၁၅ ၊ မှတ် ၈ (အောက်

၁၉၃၁) စာ ၉၃ - ၉၈ ။

၃။  တင်လေး ။ “ဆီမီးရောင်ရှိန်ထိန်ထိန်လင်းသီတင်းကျွတ်”၊ ငွေတာရီ ၊ မှတ် ၃၅၁ (အောက်

၁၉၈၉) စာ၄၆ -၄၈။

၄။  ထွန်းမြတ် ၊ မောင် ။ “ရှေးကဝါကျွတ်ပွဲ” ၊ ငွေတာရီ၊ မှတ် ၁၆ (အောက် ၁၉၆၁) စာ ၇၃ - ၇၄။

၅။  နတ်ရှင်၊ ဒဂုန် - ။ “ဆယ့်နှစ်လရာသီမြန်မာပြည်” ၊ငွေတာရီ၊ မှတ် ၈၂ (ဧ ၁၉၆၇)စာ ၂၂ - ၂၈။

၆။ နတ်ရှင်၊ ဒဂုန် - ။ “လမြတ်သီတင်းကျွတ်”၊ ငွေတာရီ ၊ မှတ် ၇၇ (နို ၁၉၆၆) စာ ၁၈ -၂၂။

၇။  နတ်ရှင်၊ ဒဂုန် - ။ “သီတင်းကျွတ်ပြီဒို့ဌာနီ”၊ ရှုမဝ၊ တွဲ ၂၂၊ မှတ် ၂၅၇(အောက် ၁၉၆၈)       

စာ ၅ -၁၀။