ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲနှစ် (၇၀) ပြည့်အထိမ်းအမှတ်စာစောင်တွင်ထည့်သွင်းထုတ်ဝေရန်အတွက် ကဗျာ၊ဆောင်းပါး၊ဝတ္ထု၊ စာတမ်းများဖိတ်ခေါ်ခြင်း

02/19/26


ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇ဝ)ပြည့် အထိမ်းအမှတ်စာစောင်တွင် ထည့်သွင်းထုတ်ဝေရန် အတွက် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများ ဖိတ်ခေါ်ခြင်း

           သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇ဝ)ပြည့်အထိမ်းအမှတ် မင်္ဂလာအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလအတွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်စာစောင် ထုတ်ဝေသွားမည်ဖြစ်ပါသဖြင့် စာစောင်တွင် ထည့်သွင်းရန်အတွက် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများကို အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ ရေးသားပေးပို့နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

        ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများကို မည်သူမဆို ရေးသားပေးပို့နိုင်ပြီး ကဗျာများကို A4 ဆိုဒ် စာမျက်နှာ ၁ မျက်နှာ၊ ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၇ မျက်နှာအထိ၊ ဝတ္ထုများကို A4 ဆိုဒ် စာမျက်နှာ အများဆုံး ၁ဝ မျက်နှာခန့်နှင့် စာတမ်းများကို A4 ဆိုဒ် စာမျက်နှာ အများဆုံး ၁၅ မျက်နှာခန့် (သတ်မှတ်စာမျက်နှာထက် မကျော်လွန်ရ) တို့အား ကွန်ပျူတာစာလုံး (Pyidaungsu Font)၊ စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်းအကွာအဝေး ၁ ဒသမ ၅(Line Spacing 1.5)၊ စာရွက်ဘောင်ဆိုဒ် တစ်လက်မပတ်လည် (Margins 1"ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည်ဖြစ်ပြီး အခြား မှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်ဖန်တီးရေးသားထားသော စာမူရင်းဖြစ်ရန်၊ ပုံနှိပ်ဖော်ပြထားပြီးသော စာမူများမဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီးရေးသားထားသော စာမူဖြစ်ကြောင်း ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက်အလက်အကျဉ်းတို့ကို ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများနှင့်အတူ ပေးပို့ရန်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တရားဝင် အသုံးပြုခွင့်ပေးရန်နှင့် ရွေးချယ်ခံရခြင်း မရှိသော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများအား ဆက်သွယ်ပြန်ကြားသွားမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

        ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများ ပေးပို့ရာတွင် စာမူ Hard + Soft Copy (Word + Pdf) တစ်စုံစီ၊ အမည်၊ မှတ်ပုံတင်/နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ကာလာဓာတ်ပုံသုံးပုံ (၁.၅" x ၂" ဆိုဒ်)၊ ဆက်သွယ်ရန်လိပ်စာ၊ အမှန်တကယ်အသုံးပြုသည့် ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင် ဖြစ်စေ၊ စာတိုက်မှဖြစ်စေ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့်အမျိုးသား စာကြည့်တိုက်ဦးစီးဌာန ရုံးအမှတ် ၃၅၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄ဝ၈၃၈၄၊ ၀၆၇-၃၄၀၈၄၃၇၊ အီးမေးလ် dhrnlm23@gmail.com သို့ ၂၀၂၆ ခုနှစ် မတ်လ ၂ဝ ရက်၊ သောကြာနေ့ နောက်ဆုံးထား ၍ ဆက်သွယ်ပေးပို့နိုင်ပါသည်။ (အချိန်ကာလကန့်သတ်ချက်အရ သတ်မှတ်ရက်ထက် ကျော်လွန်ပြီး ပေးပို့လာသော၊ သတ်မှတ်ချက်များနှင့် မပြည့်စုံသော ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ စာတမ်းများအား ထည့်သွင်းဖော်ပြပေးနိုင်ခြင်း မရှိသည်ကို သိရှိနားလည်ပေးနိုင်ပါရန် တစ်ပါတည်းဖော်ပြအပ်ပါသည်။)

 

အထိမ်းအမှတ်စာစောင်နှင့် အထိမ်းအမှတ်ပစ္စည်းများ ထုတ်ဝေရေးဆပ်ကော်မတီ

သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန