စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး
စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး (Preservation and Conservation)
စာပေယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် စာကြည့်တိုက်ရှိ အထောက်အထားမှတ်တမ်းတို့ကို ပြုပြင်ထိန်းသိမ်းရာတွင် မူလအခြေအနေထက်ဆိုးရွားစွာပျက်စီးမှုမဖြစ်အောင်တားဆီးခြင်း၊ ဆိုးရွား ပျက်စီးလာလျှင်လည်းဆက်လက်ပျက်စီးမှုမဖြစ်စေရန် စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေးနည်းစနစ် များအသုံးပြု၍အဆင့်ဆင့်ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိပါသည်။
Digitization Project
အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင်စုဆောင်းထိန်းသိမ်းထားရှိသည့် တန်ဖိုးမဖြတ်နိုင်သော စာပေပစ္စည်းများအား Digital Form အဖြစ်ပြောင်းလဲပြီးe-Book, e-Periodical အဖြစ်လေ့လာဖတ်ရှုနိုင်ရန်အတွက် Digitized ပြုလုပ်ခြင်းကို ၂၀၁၀ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိပါသည်။
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု
အမျိုးသားစာကြည့်တိုက်ရှိ တန်ဖိုးမဖြတ်နိုင်သည့် ခေတ်အဆက်ဆက်စုဆောင်းထားသည့် ပေစာ၊ ပုရပိုက်၊ စာအုပ်စာတမ်း၊ စာနယ်ဇင်း၊ လက်ရေးစာနှင့် စာပေပစ္စည်းများအား သဘာဝဘေး အန္တရာယ်မှ ကာကွယ်ရန်ကြိုတင်ပြင်ဆင်မှုများနှင့် အရေးပေါ်အခြေအနေတွင် ချက်ခြင်းသိရှိ၍ အန္တရာယ်မှ ကင်းလွတ်စေရေးအတွက် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၌ မီးဘေးကာကွယ်ရေး အချက်ပြစနစ် Fire Alarm System များ တပ်ဆင်ထားရှိခြင်းနှင့် ဌာနတွင်း မီးသတ်အဖွဲ့များကို ဖွဲ့စည်းခြင်း၊ အသင့်ဖြန်းပတ်နိုင်သော မီးသတ်ပိုက် (Fire Hose Reel Cabinet) များကို ဇုန်အလိုက်ထားရှိခြင်း၊ မီးသတ်ဆေးဗူးများ ထားရှိခြင်း၊ စာပေပစ္စည်းများအား သယ်ယူရွှေ့ပြောင်းရန် ဦးစားပေးအဆင့် သတ်မှတ်ထားရှိခြင်း စသည်တို့ကို စီမံချက်ရေးဆွဲ ဆောင်ရွက်ထားပါသည်။