စာကြည့်တိုက်လုပ်ငန်းများ

01/08/26


၁။   စာစုလုပ်ငန်း (Acquisition)

      စာစုလုပ်ငန်းဆိုသည်မှာ စာအုပ်၊ စာနယ်ဇင်းစသောပုံနှိပ်စာအုပ်စာတမ်းများ၊ ပေ၊ ပုရပိုက်၊ လက်ရေးစာလက်နှိပ်စက်စာမူ၊ လက်ကမ်းစာစောင်၊ မြေပုံ၊ မိုက်ကရိုဖလင်၊ ဂီတသေင်္ကတများ၊ ဓာတ်ပုံများ၊ ရုပ်ရှင်ဖလင်များ၊ ဓာတ်ပြားများ၊ ဗွီဒီယိုနှင့် အသံသွင်း တိပ်ခွေများ၊ စာရွက်ဖလင်နှင့် အခြားပစ္စည်းများကိုအသုံးပြု၍ မှတ်တမ်းပြုထားသော ပစ္စည်းများ၊ ၎င်းတို့ကိုပြန်လည်ထုတ်လုပ်ထားသောပစ္စည်းများ အစရှိသည်တို့ ပါဝင်သည့် ပုံနှိပ်ထားခြင်းမဟုတ်သော စာပေအနုပညာပစ္စည်းများကို စာကြည့်တိုက်အတွက်နည်းလမ်း အသွယ်သွယ်ဖြင့် ရယူစုဆောင်းခြင်း၊ တိုးပွားအောင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

              အမျိုးသားစာကြည့်တိုက်သည်

            (က)အမျိုးသားစာကြည့်တိုက် ဥပဒေ

            (ခ) ဌာန၏ရန်ပုံငွေဖြင့်ဝယ်ယူခြင်း

            (ဂ) လှူဒါန်းမှုကိုလက်ခံခြင်း၊ လက်ဆောင်ရရှိခြင်းနှင့် စာအုပ်လဲလှယ်ခြင်း

နည်းလမ်းများဖြင့် စာစုလုပ်ငန်းကိုဆောင်ရွက်လျက်ရှိပါသည်။

  

(က) ဥပဒေအရအခမဲ့ရရှိခြင်း

         ပြည်‌ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၄ ဖြင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် အမျိုးသားစာကြည့်တိုက်ဥပဒေကိုပြဌာန်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမျိုးသားစာကြည့်တိုက်နည်းဥပဒေအရ အမျိုးသားစာကြည့်တိုက်သည် နိုင်ငံအတွင်းထွက်ရှိသမျှ ပုံနှိပ်စာတမ်း၊ လက်ရေးစာ၊ ပုံနှိပ်စာမဟုတ်သော စာပေအနုပညာပစ္စည်းများကို စာပေအနုပညာပစ္စည်းများစုဆောင်းထိန်းသိမ်းရေးမူဝါဒနှင့်အညီ စုဆောင်းရာတွင်အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းအပါအဝင် ထုတ်ဝေသူသည် ယင်းတို့ထုတ်ဝေသည့် ပုံနှိပ်နှင့်ပုံနှိပ်မဟုတ်သော စာပေ၊ အနုပညာ ပစ္စည်းတစ်မျိုးစီ၏ ငါးအုပ်၊ ငါးစောင် သို့မဟုတ် ငါးခုကို ထုတ်ဝေသည့်နေ့မှ တစ်လအတွင်း အမျိုးသားစာကြည့်တိုက်သို့ စာပေအနုပညာပစ္စည်းအား အခမဲ့ပေးပို့ရမည်ဖြစ်ပါသည်။ ယင်းသို့ထုတ်ဝေသူမှ ပေးပို့လာသည့်စာပေ အနုပညာပစ္စည်းများကို လက်ခံရရှိခြင်းဖြင့် ဥပဒေအရစုဆောင်းလျက်ရှိပါသည်။


(ခ)     ဝယ်ယူခြင်း (Purchase)

အမျိုးသားစာကြည့်တိုက်သည် ၎င်း၏မျှော်မှန်းချက်ကို ပြည့်မီစေရန် နိုင်ငံတွင်းထုတ်ဝေသမျှ စာပေပစ္စည်းများကို ပြည့်စုံစွာစုဆောင်းရန်တာဝန်ရှိသဖြင့် ခွဲဝေရရှိသော ဘဏ္ဍာငွေဖြင့် ပြည်တွင်းထုတ် စာအုပ်၊စာနယ်ဇင်းများ၊ ပြည်ပနိုင်ငံများမှထုတ်ဝေသောမြန်မာနိုင်ငံနှင့် မြန်မာလူမျိုးအကြောင် းစာအုပ်စာတမ်းများ၊ ပြည်တွင်းပြည်ပမှ သုတေသနစာတမ်းများ၊ ဘွဲ့ယူကျမ်းများ၊ ပြန်တမ်းများ၊ ရည်ညွှန်းစာအုပ်စာတမ်းများစသည်တို့ကို နှစ်စဉ်ဝယ်ယူစုဆောင်းခြင်းဖြင့် စာကြည့်တိုက်ပိုင်စာစုများအား တိုးပွားစေပါသည်။


(ဂ)     လှူဒါန်းမှုကိုလက်ခံခြင်း၊လက်ဆောင်ရရှိခြင်းနှင့်လဲလှယ်ခြင်း (Donation, Gifts and Exchange)

အမျိုးသားစာကြည့်တိုက်သည် စာပေစ္စည်းများကိုနိုင်ငံအချင်းချင်း စာအုပ်လဲလှယ်ရေးအစီအစဉ်အရလည်းကောင်း၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းအသီးသီးနှင့် အလှူရှင်များထံမှ လက်ဆောင်ရရှိခြင်း၊ လှူဒါန်းသည်ကို လက်ခံရရှိခြင်းတို့ဖြင့်လည် းစုဆောင်းထားရှိပါသည်။ စာအုပ်စာပေစုဆောင်းထားသူများအနေဖြင့် ၎င်းတို့စုဆောင်းထားသည့်စာစုများကို အမျိုးသားစာကြည့်တိုက်သို့ လာရောက်လှူဒါန်းပါက အလှူရှင်အမည်ဖြင့် သီးသန့်စာစုများအဖြစ် ထိန်းသိမ်းထားရှိပါသည်။


၂။    စာပြုလုပ်ငန်း (Data Processing)

        စာပြုလုပ်ငန်းဆိုသည်မှာ စာကြည့်တိုက်ပိုင်စာပေပစ္စည်းများကို  စာဖတ်သူတို့ အလွယ်တကူ ရှာဖွေနိုင်စေရန် နိုင်ငံတကာစာကြည့်တိုက်သုံးစည်းမျဉ်းများကို အသုံးပြု၍ ကက်တလောက်များ၊ အညွှန်းများ ပြုစုခြင်းလုပ်ငန်း ဖြစ်ပါသည်။ အမျိုးသားစာကြည့်တိုက်သည် စာကြည့်တိုက်သို့ ရောက်ရှိလာသည့် စာအုပ်၊ စာနယ်ဇင်း၊ လက်ရေးစာ စသည်များကို နိုင်ငံတကာစာကြည့်တိုက်သုံ းစည်းမျည်းစည်းကမ်းများနှင့်အညီ ကက်တလောက်စာရင်းပြုစုပါသည်။

အဓိကအသုံးပြုသော စာကြည့်တိုက်စည်းမျည်းများမှာ ကက်တလောက်လုပ်ငန်းအတွက် AACR-2 (Anglo American Cataloguing Rules Second Edition) မျိုးတူစုလုပ်ငန်းအတွက် Dewey Decimal Classification 23rd Edition၊ ပညာရပ်ခေါင်းစဉ်အတွက် Sear's List of Subject Heading 23th Edition တို့ဖြစ်ပါသည်။

မြန်မာဘာသာစာအုပ်များအတွက် အထက်ပါစည်းမျည်းများကိုအခြေခံကာ ကက်တလောက် ပြုစုပါသည်။ ကက်တလောက်အချက်အလက်များကို Data Sheet Form တွင်ဖြည့်သွင်း၍ National  Library Myanmar Management Software (NLMM) တွင်လည်းကောင်းထည့်သွင်းထားရှိပါသည်။ အဆိုပါ Software တွင် စာကြည့်တိုက်၏ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းနှင့် စာဖြန့်ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်  Library Management Program များကို ထည့်သွင်းရေးဆွဲထားပါသည်။

အမျိုးသားစာကြည့်တိုက်သည် စာကြည့်တိုက်ပိုင်စာပေပစ္စည်းများ၏ အချက်အလက်များကို စာကြည့်တိုက်အသုံးပြုသူများ အနေဖြင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website  www.nlm.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 အမျိုးသားစာကြည့်တိုက်ရှိ စာစုများအနက် ပြည်တွင်းထုတ်စာအုပ်များကို မျိုးတူစုအလိုက် စီစဉ်ထားရှိပါသည်။ ရည်ညွှန်းစာအုပ်များ၊ အစိုးရထုတ်စာအုပ်စာတမ်းများ၊ ရှားပါးစာအုပ်စာနယ်ဇင်း များ၊ အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသောမြန်မာနိုင်ငံအကြောင်းစာစုများ၊ နိုင်ငံခြားဘာသာစာအုပ် စာတမ်းများ၊ အာဆီယံနိုင်ငံများဆိုင်ရာစာစုများ၊ ကုလသမဂ္ဂဆိုင်ရာစာစုများ၊ ဘွဲ့ယူကျမ်းများ၊ မြန်မာနိုင်ငံပြန်တမ်းစသည်တို့ကို တိုက်ပိုင်အမှတ်စဉ်အလိုက်စီစဉ်ထားရှိပါသည်။

အလှုရှင်များမှလှုဒါန်းသည့် ပေ၊ ပုရပိုက်များကို ပြုပြင်ထိန်းသိမ်းပြီး မြန်မာ့စာပေယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် သီးခြားထိန်းသိမ်းထားရှိပါသည်။